Translate

Sunday, June 30, 2013

ကိုယ် ဘာသက်ရောက်လဲ...?



မိမိတို့ရဲ့အသက်ကို တည်ပြီး(၈)နဲ့စားပါ။
တနင်္ဂနွေသားသမီးများ (၁)ကြွင်းရင် တနင်္ဂနွေသက်ရောက်(၂)ကြွင်းရင် တနင်္လာသက်ရောက်(၃)ကြွင်းရင်
အင်္ဂါသက်ရောက်(၄)ကြွင်းရင် ဗုဒ္ဓဟူးသက်ရောက်(၅)ကြွင်းရင် စနေသက်ရောက်(၆)ကြွင်းရင် ကြာသပတေး
သက်ရောက်(၇)ကြွင်းရင် ရာဟုသက်ရောက်၊စားလို့ပြတ်ရင် သောကြာသက်ရောက်လို့ မှတ်ထားနော်။
တနင်္လာသားသမီးများ စားလို့ပြတ်ရင် တနင်္ဂနွေသက်ရောက်(၁)ကြွင်းရင် တနင်္လာသက်ရောက်(၂)ကြွင်းရင်
အင်္ဂါသက်ရောက်(၃)ကြွင်းရင် ဗုဒ္ဓဟူးသက်ရောက်(၄)ကြွင်းရင် စနေသက်ရောက်(၅)ကြွင်းရင် ကြာသပတေး
သက်ရောက်(၆)ကြွင်းရင် ရာဟုသက်ရောက်၊(၇)ကြွင်းရင် သောကြာသက်ရောက်လို့ မှတ်ထားနော်။
အင်္ဂါသားသမီးများ (၇)ကြွင်းရင် တနင်္ဂနွေသက်ရောက်စားလို့ပြတ်ရင် တနင်္လာသက်ရောက်(၁)ကြွင်းရင်
အင်္ဂါသက်ရောက်(၂)ကြွင်းရင် ဗုဒ္ဓဟူးသက်ရောက်(၃)ကြွင်းရင် စနေသက်ရောက်(၄)ကြွင်းရင် ကြာသပတေး
သက်ရောက်(၅)ကြွင်းရင် ရာဟုသက်ရောက်၊(၆)ကြွင်းရင် သောကြာသက်ရောက်လို့ မှတ်ထားနော်။
ဗုဒ္ဓဟူးသားသမီးများ (၆)ကြွင်းရင် တနင်္ဂနွေသက်ရောက်(၇)ကြွင်းရင် တနင်္လာသက်ရောက်၊စားလို့ပြတ်ရင်
အင်္ဂါသက်ရောက်(၁)ကြွင်းရင် ဗုဒ္ဓဟူးသက်ရောက်(၂)ကြွင်းရင် စနေသက်ရောက်(၃)ကြွင်းရင် ကြာသပတေး
သက်ရောက်(၄)ကြွင်းရင် ရာဟုသက်ရောက်၊(၅)ကြွင်းရ င်သောကြာသက်ရောက်လို့ မှတ်ထားနော်။       
ကြာသပတေးသားသမီးများ (၄)ကြွင်းရင် တနင်္ဂနွေသက်ရောက်(၅)ကြွင်းရင် တနင်္လာသက်ရောက်၊(၆)ကြွင်းရင်
အင်္ဂါသက်ရောက်(၇)ကြွင်းရင် ဗုဒ္ဓဟူးသက်ရောက်၊စားလို့ပြတ်ရင် စနေသက်ရောက်(၁)ကြွင်းရင် ကြာသပတေး
သက်ရောက်(၂)ကြွင်းရင် ရာဟုသက်ရောက်၊(၃)ကြွင်း သောကြာသက်ရောက်လို့ မှတ်ထားနော်။                                                      
 သောကြာသားသမီးများ(၂)ကြွင်းရင် တနင်္ဂနွေသက်ရောက်(၃)ကြွင်းရင် တနင်္လာသက်ရောက်(၄)ကြွင်းရင်
အင်္ဂါသက်ရောက်(၅)ကြွင်းရင် ဗုဒ္ဓဟူးသက်ရောက်(၆)ကြွင်းရင် စနေသက်ရောက်(၇)ကြွင်းရင် ကြာသပတေး
သက်ရောက်၊စားလို့ပြတ်ရင် ရာဟုသက်ရောက်(၁)ကြွင်းရင် သောကြာသက်ရောက်လို့ မှတ်ထားနော်။
စနေသားသမီးများ (၅)ကြွင်းရင် တနင်္ဂနွေသက်ရောက် (၆)ကြွင်းရင် တနင်္လာသက်ရောက်(၇)ကြွင်းရင်
အင်္ဂါသက်ရောက်၊စားလို့ပြတ်ရင် ဗုဒ္ဓဟူးသက်ရောက်(၁)ကြွင်းရင် စနေသက်ရောက်(၂)ကြွင်းရင် ကြာသပတေး
သက်ရောက်(၃)ကြွင်းရင် ရာဟုသက်ရောက်၊(၄)ကြွင်းရင် သောကြာသက်ရောက်လို့ မှတ်ထားနော်။
အခုလိုဆိုတော့လည်း ကိုယ်ဘယ်ဂြိုဟ်မှာ သက်ရောက်နေလဲ သိပြီပေါ့နော်။
သက်ရောက်ကိုသိရုံနဲ့ ကိုယ်ဒီနှစ်မှာ ကံကောင်းနေလား။ကံဆိုးနေလား ဆိုတာ မသိနိုင်သေးဘူးဗျ။ 
အဲဒီတော့ ကိုယ်ဒီနှစ်မှာ ကံဆိုးနေလား။ကံကောင်းနေလား သိရအောင် သက်ရောက်အဟောလေးလည်း
ဖတ်ကြည့်လိုက်နော်။ကိုယ်ရဲ့သက်ရောက်က ညံ့နေရင်လည်း ယတြာချေဖို့မမေ့နဲ့ဦးနော်…….

တနင်္ဂနွေသက်ရောက်
ဒီနှစ်တစ်နှစ်တာလုံး အတိုင်းအတာအရ ကံကောင်းပါတယ်။လုပ်ငန်းသစ်တွေ စတင်ရလိမ့်မယ်။အလုပ်
အကိုင်သစ်ပေါ်မယ်။ငယ်ရွယ်သူဆိုရင် အိမ်ထောင်ကျကိန်းရှိတယ်။အိမ်ထောင်ရှိသူဆိုရင်အိမ်ထောင်ရေး   
အနှောင့်အယှက် ပေါ်လိမ့်မယ်။ပြည်တွင်း ပြည်ပ ဘုရားဖူးခရီးတွေ သွားရလိမ့်မယ်။ခရီးသွားပြီး စီးပွားရှာသူ
ဆိုရင်တော့ ငွေအလုံးအရင်းနဲ့ဝင်လိမ့်မယ်။ဆွေမျိုးသားချင်းရဲ့ အကူအညီကောင်းတွေ ရမယ်။ရပ်ဝေးက
ဝမ်းသာစရာ သတင်းကောင်းကြားရမယ်။ဆွေမျိုးဧည့်သည်တွေ အိမ်ကိုရောက်လာလိမ့်မယ်။ဝန်ထမ်းဆိုရင်
နေရာကောင်း ရလိမ့်မယ်။အိမ်သစ်ဆောက်ဖြစ်ရင်တော့ ကောင်းပါတယ်။အိမ်ပြင်မိရင်တော့ လာဘ်တိတ်
တတ်တယ်ဗျ။သစ်၊သံ၊သွပ် ဝင်လိမ့်မယ်။ရွှေဝင်မယ်။ရှင်သီဝလိပုံတော် ကြွလာတတ်တယ်။မိတ်ဆွေအပေါင်း၊
အသင်းတွေနဲ့ လမ်းခွဲရမယ်။ယောက်ျားဆိုရင် မိန်းမအနှောင့်အယှက်ရှိမယ်။မြေ၊ဖုန်း စတဲ့ ကြာသပတေးနံနဲ့
ပက်သတ်ပြီး စကားပြောဖြေရှင်းရမယ်။အိမ်ထောင်ရှိသူဆိုရင် သားကောင်း၊သမီးကောင်း ရမယ်။စက်ပစ္စည်း
ထွက်နေတာရှိရင် ပြန်ဝင်လာလိမ့်မယ်။ငွေကြေး ပြဿနာတစ်ခုရှင်းရမယ်။လက်ဝတ်ရတနာ ကျောက်ပြုတ်
ထွက်တတ်တယ်။ငယ်ရွယ်သူ ဆိုရင်တော့ ဒီနှစ်က အချစ်ရေးကံမကောင်းသေးဘူးနော်။
ထီး၊ဖိနပ်၊နာရီ ပျောက်တတ်တယ်။အကြီးအကဲနဲ့ အဆင်မပြေဖြစ်တတ်တယ်။အိမ်အမိုးပေါက်တာ ပြင်မိရင် လာဘ်တိတ်မယ်။မီးလန့်တတ်တယ်။ကိုယ်ဝန်ဆောင် ညအိပ်လာရင် လက်မခံရဘူး။မျက်နှာမှာ အဖု၊အပိန့်တွေ
ထွက်တတ်တယ်။ဘာဆေးမှ မလိမ်းပါနဲ့ သူ့အလိုလိုပျောက်သွားလိမ့်မယ်။အမှုဖြစ်တဲ့သူကို အာမခံလုပ်မပေးနဲ့
ကိုယ်ပါအမှု့ဖြစ်တတ်တယ်။အပူလောင်တတ်တယ် သတိထားပါ။အိမ်ကိစ္စ   ဖုန်းကိစ္စတွေ ဒီနှစ်ထဲမှာအခက်အခဲ
ရှိမယ်။ဒီနှစ်မှာ ဘဝအတွက်ထူးခြားတဲ့ အပြောင်းအလဲ တစ်ခုကြုံတွေ့မယ်။ငွေမချေးရဘူးနော်။ဆုံးရှုံးလိမ့်မယ်။
ငွေတိုးချေးတဲ့သူဆိုရင် တနင်္ဂနွေနဲ့ ကြာသပတေးနေ့တွေကို ရှောင်ပါ။အစားမှား၊ဆေးမှားတတ်တယ်နော်၊
သတိထားပါ။ကျန်းမာရေး အတွက်ကတော့ မကြာခဏဗိုက်အောင့်တတ်တယ်။အူမကြီး ဒုက္ခပေးတတ်တယ်။
ကြာသပတေးနေ့နဲ့တနင်္ဂနွေနေ့မှာ အမဲသား၊ဘဲဥရှောင်ရမယ်နော်။အရှ့မြောက်အရပ်ကို ခရီးမသွားကောင်းဘူး။
တနင်္ဂနွေသားသမီးဆိုရင် မွေးနေ့ညဝတ်အိပ်တဲ့လုံချည်ဟောင်း တစ်ထည်ကိုနောက်တစ်နေ့နံနက်စောစောမှာ
စီးနေတဲ့ရေမှာမျှောရမယ်။ကြာသပတေးသားသမီးဆိုရင် မွေးနေ့ညဝတ်အိပ်တဲ့အင်္ကျင်္ီဟောင်းတစ်ထည်ကို
နောက်တစ်နေ့နံနက်စောစောမှာ စုတ်ဖြဲပြီး လမ်းဘေးကလေတိုက်တဲ့ ခြုံပုတ်ပေါ်မှာစွန့်ပစ်ရမယ်။
တခြားနေ့သားသမီးတွေကတော့ ထူးထူးခြားခြား ယတြာချေစရာမလိုသေးပါဘူး။
ယတြာချေချင် ရင် အောက်မှာဖော်ပြထားတဲ့ ယတြာတွေကိုလည်း ချေလို့ရပါတယ်။


တနင်္လာသက်ရောက်
ဒီနှစ်ကကံကောင်းနေတဲ့ နှစ်ဖြစ်ပါတယ်။ငွေအစုလိုက် အပြုံလိုက်နှစ်ကြိမ် ဝင်လိမ့်မယ်။ငွေတွေဝင်ရင်တော့
အလှူအတန်းများများ လုပ်ပေးပါ။အဖိုးတန်ကျောက်တွေ ဝင်လိမ့်မယ်။အိမ်မှာ ကိုယ်ဝန်ဆောင်ရှိရင် ယောင်္ကျားလေးမွေးလိမ့်မယ်။မီးလန့်တတ်တယ်။အလုပ်မှာရန်ပေါ်တတ်တယ်။လူမျိုးခြားနဲ့ စပ်တူလုပ်တဲ့
လူတွေ အကျိုးအမြတ်များများရမယ်။လူငယ်တွေအချစ်ရေး စန်းပွင့်နေမယ်။အိမ်ထောင်ရှိသူ ဆိုရင်တော့
အိမ်ထောင်ရေး အနှောင့်အယှက်ကြုံမယ်။ငွေ၊ခြံ၊ကား၊ကြက်၊ကျောက် စတဲ့တနင်္လာနံနဲ့ စီးပွားရေးလုပ်သူ
ဆိုရင်ဒီနှစ်ထဲမှာ အစစအရာရာ အောင်မြင်တတ်တယ်။ရွှေဝင်မကောင်းဘူးဗျ။အဲဒီလိုပဲ လူဝင်လာရင်လည်း
ကံညံ့သွားတတ်တယ်။မဖြစ်မနေ အဝင်ခံရမယ်ဆိုရင်တော့ အိပ်ယာနေရာပြောင်းအိပ်ရလိမ့်မယ်။သတိထား
ဖို့ပြောတာပါ ထိတ်လန့်စရာမလိုပါဘူး။ဆေးရုံဆေးခန်းကိုလူနာမေး သွားလို့မရဘူး။ဒီနှစ်ထဲမှာ မင်္ဂလာကိစ္စ
ပေါ်ရင်ကောင်းပါတယ်။လေအောင့်တတ်တယ်။ရင်၊ဝမ်း ဥပါဒ်ပေးတတ်တယ်။ရေချိုးမှားတတ်တယ်နော်။
ထီး၊ဖိနပ်၊နာရီ စတဲ့စနေနံနဲ့ ပတ်သက်တဲ့အလုပ်တွေ အကျိုးပေးအောင်မြင်လွယ်မယ်။ခြေနှစ်ချောင်းဝင်မယ်။
ဝင်ရင်ကောင်းပါတယ်။ဝန်ထမ်းတွေဆိုရင် ရာထူးတက်လိမ့်မယ်။အိမ်ထောင်သည်တွေ အိမ်ထောင်ရေးမှာ မကြာခဏ စကားများရမယ်။သြော်ပြောဖို့မေ့နေတာ ဒီနှစ်က ကိုယ်ကျင့်တရား အထူးဂရုစိုက်ရတယ်။
အဲဒီလိုမှဂရုမစိုက်ရင် နောက် လေးနှစ်တိတိကံညံ့သွားတတ်တယ်။တစ်ခုကောင်းတာက  ကြက်တိုက်တဲ့
နိမိတ်၊ကားတိုက်တဲ့နိမိတ်ပေါ်ရင် ထီထိုးပါ။(၂)အစ(၇)အဆုံး ( က) အက္ခရာ (တ)အက္ခရာတွေရှာထိုးသင့်
ပါတယ်။အရေးကြီးကိစ္စရှိရင် စနေနေ့နဲ့ တနင်္လာနေ့မှာ ပြုလုပ်ပါ။ဒီနှစ်မှာ မထင်မှတ်ဘဲ ထီပေါက်တတ်သလို
အဖိုးတန်ကျောက်တွေလည်း ဝင်တတ်တယ်။လက်အောက်ငယ်သားရှိရင် အိမ်ကထွက်သွားတတ်တယ်။
အစားမှားတတ်တယ်။ဆီးအောင့်တတ်တယ်။ရုံးဝန်ထမ်းဆိုရင် ပစ်စာ၊တိုင်စာရောက်တတ်တယ်။ငယ်ရွယ်သူ
တွေပညာရေးနဲ့ ပက်သတ်ပြီးအခက်အခဲကြုံလိမ့်မယ်။ခရီးထွက်ရဖို့ ရှိတယ်။ကားနဲ့ အလုပ်လုပ်တဲ့သူ
ဆိုရင်ဒီနှစ်မှာ ငွေအစုလိုက်၊အပြုံလိုက် ရလိမ့်မယ်။အိမ်ထဲမှာ အဖိုးတန်တဲ့ကျောက်ဖြစ်ဖြစ်၊အဖိုးမတန်တဲ့
ကျောက်ဖြစ်ဖြစ်ရှာလို့တွေ့ရင် အဆောင်အဖြစ်ဆောင်ထားလိုက်ပါ။အထူးပဲလာဘ်ရွင်ပါလိမ့်မယ်။ဒီနှစ်က
စန်း လာဘ်ဖွံ့ဖြိုး စည်းစိမ်တိုးမယ့် နှစ်မျိုးပါ။အလုပ်တွေကို ဇောက်ချပြီး လုပ်သင့်တယ်။ကိုယ်ထင်မထား
တဲ့နေရာကငွေတွေဝင်လာလိမ့်မယ်။ရပ်ဝေး၊ရပ်နီး ခရီးတွေသွားရလိမ့်မယ်။ငယ်ရွယ်တဲ့ သားသမီးတွေ
ဆိုဆုံးမရခက်နေလိမ့်မယ်။ဒီနှစ်က နတ်မတဲ့ နှစ်မျိုးပဲ။ကံအညံ့အခိုက်တွေ ပြေပျောက်စေဖို့ အာလူး၊ဝက်သား
အုန်းရည် ကို  တနင်္ဂနွေနဲ့ ဗုဒ္ဓဟူးနေ့တွေ မစားပါနဲ့။ကျန်းမာရေး အတွက်ကတော့ ရင်၊ဝမ်း ဥပါဒ်ပေးတတ်တယ်။
ရေချိုးမှားတတ်တယ်။ဒီနှစ်မှာ တနင်္ဂနွေသားသမီးတွေက မွေးနေ့ညဝတ်အိပ်တဲ့ အင်္ကျီဟောင်းတစ်ထည်ကို
နောက်တစ်နေ့နံနက်စောစောမှာ စီးနေတဲ့ရေမှာ မျှောလိုက်ပါ။အင်္ဂါသားသမီးတွေက မွေးနေ့ညဝတ်အိပ်တဲ့
လုံချည်ဟောင်းတစ်ထည်ကို နောက်နေ့နံနက်စောစောမှာ စီးနေတဲ့ရေမှာ မျှောလိုက်ပါ။ဗုဒ္ဓဟူးသားသမီးတွေက
မွေးနေ့ညဝတ်အိပ်တဲ့ လုံချည်ဟောင်းတစ်ထည်ကို အိမ်နောက်ဘက်တွင်မြေပုံးထဲ ထည့်ရ်ျ မြေမြုတ်လိုက်ပါ။


အင်္ဂါသက်ရောက်
တစ်နှစ်လုံးကံကြမ္မာအရတော့ ဒီနှစ်မှာစိတ်မောနေရတတ်တယ်။ကိုယ်ကိစ္စထက်သူတစ်ပါးကိစ္စတွေ လုပ်ရတာ
နဲ့အချိန်ကုန်နေတတ်တယ်။ကံအကောင်းအဆိုးရောထွေးနေတဲ့ နှစ်မျိုးပါ။လုပ်ငန်းတွေ တိုးချဲ့တာမျိုးမလုပ်သင့်
သေးဘူး။ဒီနှစ်ဟာ အလုပ်အကိုင်နဲ့ ပက်သက်ပြီးအထစ်အငေါ့တွေ အနှောင့်အယှက်တွေ ကြုံတွေ့ရတတ်တယ်။
စီးပွားတက်တော့မလိုလိုနဲ့ ကျသွားတတ်တယ်။အသက်ကြီးတဲ့သူတွေ ငယ်သူတွေကဒုက္ခပေးတတ်တယ်။
စားတာသောက်တာ နေတာထိုင်တာကအစ သတ၊ိဝီရိယရှိရမယ်။ခင်မင်ရင်းနှီးတဲ့ သူတွေနဲ့ လမ်းခွဲရတတ်
တယ်။အလုပ်ပြောင်းလုပ်ချင်စိတ်ပေါ်လာလိမ့်မယ်။ပြောင်းလိုက်မှ ပိုဆိုးသွားမယ်။အစားအသောက်မှားတတ်
တယ်။အမှုမဖြစ်အောင်နေပါ။အခက်အခဲတွေ့ရင် အားကိုးမရှာပါနဲ့။အားကိုးရှာမှ ပိုးဆိုးသွားမယ်။
ဘိုးတော်တု ဘိုးတော်လိမ်တွေနဲ့တွေ့တတ်တယ်။ပစ္စည်းတွေ ငွေတွေအချေးအငှား မလုပ်ပါနဲ့။ဆုံးရှုံးလိမ့်မယ်။
ဘုန်းတန်ခိုးကြီးလိမ့်မယ်။နာမည်ဂုဏ်သတင်း တိုးတက်လိမ့်မယ်။အကောင်းပြောတာ ခံရမယ်။လူမျိုးခြားကူညီ
မစကိန်းပေါ်မယ်။အဖိုးတန်အထည်အလိပ်၊ထီး၊ဖိနပ်၊နာရီ စတဲ့စနေနံပစ္စည်းတွေ ဝင်လိမ့်မယ်။မထင်မှတ်ဘဲ
ခရီးတွေသွားရမယ်။သွားနာတတ်တယ်။အိမ်ထောင်ဘက်ကျန်းမာရေး ညံ့တတ်တယ်။သင်တန်းတက်ရတာ၊
ဘာသာရပ်သစ်တစ်တခုသင်ရလိမ့်မယ်။မိတ်ဆွေ၊အပေါင်းအသင်းသစ်တွေ ရတတ်တယ်။မြေဝင်မယ်။
မိန်းမတစ်ယောက်ရဲ့အကူအညီရမယ်။အဖိုးတန်ရွှေနဲ့ လက်ဝတ်လက်စားတွေရမယ်။တန်ခိုးကြီးဘုရား တစ်ဆူ
ကြွလာမယ်။ရေပိုက်တွေပြင်ရတာ၊ရေတွင်း၊ရေကန်တူးရတာမျိုး ကြုံတတ်တယ်။အောက်လက်ငယ်သားတွေ
ကိုယ်ဆီကထွက်သွားတတ်တယ်။ငွေပျောက်တတ်တယ်။အကြွေးတင်တာ၊ငွေအထားမှားတာမျိုး ကြုံတတ်တယ်
ခြေထောက်နာတတ်တယ်။အလှူမင်္ဂလာလုပ်ရင် ရက်ရွေ့ရတတ်တယ်။အလုပ်က ထွက်ချင်စိတ်ပေါ်တတ်တယ်။
အထက်လူကြီးနဲ့အဆင်မပြေဖြစ်တတ်တယ်။အိမ်ထောင်ရေးကတော့ အကြောင်းမယ်မယ်ရရမရှိဘဲ မကြာခဏ
ကတောက်ကဆ ဖြစ်တတ်တယ်။အချစ်ရေးကိစ္စ စိတ်နှစ်ခွဖြစ်နေတတ်တယ်။ကြားလူနှောင့်ယှက်တတ်တယ်။
ဒီနှစ်က အလုပ်အကိုင်တိုးချဲ့ဖို့ မသင့်တော်ဘူး။မဖြစ်မနေ တိုးချဲ့ချင်တယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ဆရာ
သမားကောင်းနဲ့ တိုင်ပင်ဆွေးနွေးသင့်တယ်။အိမ်ကိုဘုရားပုံတော် ကြွတာမျိုး၊အိမ်နားမှာ နာရေးနမိတ်ပေါ်ရင်ထီ
ထိုးပါ။ထီပေါက်တတ်တယ်။ယတြာလုပ်သင့်တာက တနင်္ဂနွေ၊တနင်္လာ၊သောကြာသားသမီးတွေပါပဲ။
တနင်္ဂနွေသားသမီးတွေဆိုရင် မွေးနေ့ညဝတ်အိပ်တဲ့ လုံချည်ဟောင်းတစ်ထည်ကိုနောက်နေ့မနက်စောစောမှာ
စုတ်ဖြဲပြီး လမ်းဘေးခြုံဖုတ်ပေါ်မှာစွန့်ပစ်ပေးပါ။တနင်္လာသားသမီးဆိုရင် မွေးနေ့ညဝတ်အိပ်တဲ့ လုံချည်ဟောင်း
တစ်ထည်ကိုစုတ်ဖြဲပြီး စီးနေတဲ့ရေမှာ မျှောရမယ်။သောကြာသားသမီးဆိုရင် သောကြာနေ့ညဝတ်အိပ်တဲ့
လုံချည်ဟောင်း တစ်ထည်ကိုနောက်တစ်နေ့မနက်စောစောမှာ မီးရှို့ပစ်ရမယ်။


ဗုဒ္ဓဟူးသက်ရောက်
ဒီနှစ်ရဲ့ကံအခြေအနေကို ပြောရရင် ကံအနည်းငယ်ညံ့နေပါတယ်။အလုပ်သစ်အကိုင်သစ် မစသင့်ဘူး။
လုပ်ငန်းတွေမတိုးချဲ့သင့်ဘူး။မဖြစ်မနေ တိုးချဲ့ချင်ရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာကောင်းနဲ့ တိုင်ပင်
ဆွေးနွေးသင့်တယ်။ဒီနှစ်ဟာ ကိုယ့်ကိစ္စထက် သူတစ်ပါးကိစ္စတွေကို ကူညီရင်းပင်ပမ်းနေရမယ်။
အဖွဲ့အစည်းအသင်းအပင်းတွေနဲ့ ပက်သက်ရတာ၊အသင်းဝင်ဖြစ်တာ၊ဂိုဏ်းတစ်ခုခုဝင်ဖြစ်တာမျိုး ကြုံတတ်
တယ်။ကျန်းမာရေးကလည်း တရှောင်ရှောင်ဖြစ်နေတတ်တယ်။ဘာအစားအသောက်ဘဲစားစား ခံတွင်းမတွေ့
ဘဲဖြစ်နေတတ်တယ်။ဒီနှစ်မှာ ငွေမချေးသင့်ဘူး။ပြန်ရဖို့ခဲယဉ်းတယ်။ငွေအထွက်များနေတတ်တယ်။
အမွေရနိုင်တဲ့သူဆိုရင် မယူသင့်သေးဘူး။ယူပြီးပြီဆိုရင်တော့ ဘဏ်ထဲသာထည့်ထားပေတော့။အလုပ်ပြောင်း
လုပ်ချင်စိတ်ပေါ်လာလိမ့်မယ်။မပြောင်းပါနဲ့။ပြောင်းမှ ပိုပြီးအဆင်မပြေဖြစ်တတ်တယ်။တစ်ခုရှိတာက ဒီနှစ်မှာ
အရင်နှစ်ကလျှိုဝှက်ဖုံးကွယ်ထားတဲ့ အရာတွေပြန်ပေါ်တတ်တယ်။ကိုယ်ဝန်ဆောင်သည်ဆိုရင် ဆေးရုံမှာ
မွေးရမယ်။အိမ်မှာမွေးရင်ခက်ခဲတတ်တယ်။ဆွေမျိုးထဲမှာ နာရေးပေါ်တတ်တယ်။နာရေးပေါ်ရင်တော့ ထီထိးုပေး
ဗျာ။ထီပေါက်လိမ့်မယ်။လူငယ်လူရွယ်တွေ အိမ်ထောင်ကျတတ်တယ်။မိဘသဘောမတူဘဲ လိုက်ပြေးရင်
အမွေဖြတ်ခံရလိမ့်မယ်။ပညာရေးကံကောင်းနေလိမ့်မယ်။စက်ပစ္စည်းကြောင့် စိတ်ညစ်ရမယ်။မိဘဘိုးဘွားဆီက
အမွေအနှစ၊်လက်ဆောင်ပစ္စည်းရတတ်တယ်။သားသမီးလက်အောက်ငယ်သားရဲ့ဝမ်းသာစရာ သတင်းကောင်း
ကြားရမယ်။အပျို၊လူပျိုတွေဆိုရင် အိမ်ထောင်ကျတတ်တယ်။မြေ၊ယာဉ်၊ကား တစ်ခုခုဝင်လိမ့်မယ်။ရာထူးတိုး
လိမ်မယ်။မိတ်ကောင်းဆွေကောင်းတွေရဲ့ အကူအညီကောင်းတွေရမယ်။ခြေလေးချောင်းသတ္တဝါဝင်မယ်။
အလုပ်ပြောင်းရမယ်။ချစ်သူခင်သူတွေရဲ့ သတင်းကောင်းကြားရမယ်။အမှု့ဖြစ်ရတတ်တယ်။ဖြစ်ရင်ကြာမယ်။
ဒီနှစ်ပိုင်းမှာ ခန္ဓာကိုယ်ပေါ်မှာအဖုအပိန့်တွေ ထွက်တတ်တယ်။ပေါင်နဲ့လည်ပင်းမှာ ဘေးဥပါဒ်ဖြစ်တတ်တယ်။
အကြံအစည်တွေထစ်ငေါ့ ကြန့်ကြာနေမယ်။အဆီအဆိမ့်နဲ့ လက်သုပ်စားစရာတွေကိုရှောင်ပါ။ပစ္စည်းပျောက်
တတ်တယ်။ဆေးရုံဆေးခန်းနဲ့ပက်သတ်ရတတ်တယ်။လူမှု့ရေးကိစ္စတွေလုပ်ရင် ဒုက္ခရောက်တတ်တယ်။
မိတ်ကောင်းဆွေကောင်းတွေရဲ့ အကူအညီကောင်းတွေရတတ်တယ်။အပျိုလူပျိုတွေဆိုရင် အိမ်ထောင်ကျတတ်
တယ်။လူယုံလူရင်းကြောင့် ဒုက္ခရောက်ရတတ်တယ်။ယတြာအနေကတော့ ဆံပင်၊ခြေသည်း၊လက်သည်း
သန့်သန့်ရှင်းရှင်းထားပါ။လပြည်လကွယ်နေ့တိုင်း သက်သတ်လွတ်စားပေးပါ။


ကြာသပတေးသက်ရောက်
ပညာရေးကံကောင်းနေမယ်။စနေနံပစ္စည်းတွေ ဝင်လိုက်ထွက်လိုက်ဖြစ်နေမယ်။ရွှေကြောင့်စိတ်အနှောင့်
အယှက်ဖြစ်ရမယ်။စက်ပစ္စည်းကြောင့် စိတ်ညစ်ရမယ်။ငယ်ရွယ်သူကြောင့် စိတ်ညစ်ရမယ်။ငွေကြေးအကုန်
အကျများလိမ့်မယ်။စက်ပစ္စည်းဝင်လိမ့်မယ်။အထက်အရာရှိ အကြီးအကဲရဲ့ ကူညီမစကိန်းကြုံလိမ့်မယ်။
အလုပ်အကိုင်သစ်များပေါ်မယ်။ငွေကြေးများဝင်ပြီး အကြောင်းအမျိုးနဲ့ပြန်ထွက်လိမ့်မယ်။အိမ်မှာလူအဝင်
အဝင်အထွက် များနေလိမ့်မယ်။ခရီးကြောင့် စိတ်သောကရောက်ရတတ်တယ်။ရွှေကြောင့်စိတ်ညစ်ရမယ်။
သူခိုးခိုးခံရမယ်။ဝန်ထမ်းတွေ နေရာအပြောင်းအရွှေ့ပေါ်လိမ့်မယ်။ပညာရပ်တစ်ခု သင်ကြားရမယ်။
အကြီးအကဲဖြစ်တတ်တယ်။အကြံအစည်အောင်မြင်လိမ့်မယ်။မျက်နှာပွင့်နေမယ်။လူချစ်လူခင် များနေမယ်။
ခရီးသွားဖို့ပျက်သွားလိမ်မယ်။ငယ်ရွယ်သူတွေ အိမ်ထောင်ကျတတ်တယ်။အိမ်ထောင်ကွဲတွေ ဒီနှစ်မှာပြန်ပေါင်း
ရလိမ့်မယ်။ရေပိုက်တွေပြင်ရမယ်။ထီမထိုးပါနဲ့။ထီထိုးလို့ထီပေါက်ရင် အသက်အန္တရာယ် ထိခိုက်တတ်တယ်။
ရင်၊ဝမ်းဥပါဒ်ပေးတတ်တယ်။အိမ်ထောင်ရေးအရှုပ်အရှင်း ရှိသူများညအိပ်လက်ခံရင် ပြဿနာပေါ်တတ်တယ်။
ဘယ်အရာကိုမှ လောဘစိတ်နဲ့မလုပ်ပါနဲ့။အမှု့ဖြစ်သူငွေမကူညီရ။အာမခံ မပေးရ။ခရီးကိစ္စတွေအဆင်မပြေ
ဖြစ်မယ်။ငွေကြေးပြဿနာကြောင့် ဆရာသမား၊အကြီးအကဲနဲ့ စကားများရမယ်။သြဇာရှိသူရဲ့ ကူညီမစမှု့ခံရမယ်။
အထက်အရပ်၊အောက်အရပ်က ချစ်သူ၊ခင်သူတွေ့မယ်။ကြာသပတေး၊တနင်္လာသားသမီးကြောင့် စိတ်အနှောင့်
အယှက်ဖြစ်ရမယ်။အိမ်မှာလူအဝင် အထွက်များနေမယ်။ဆွေမျိုးသားချင်း အပေါင်းအသင်းမိတ်ဆွေတွေရဲ့အကူ
အညီကောင်းတွေရမယ်။ဒီနှစ်ရဲ့ကောင်းခြင်းဆိုးခြင်းတွေကို ရှေ့နှစ်တွေမှာ ပြန်ခံစားရလိမ့်မယ်နော်။အချို၊အဆိမ့်
ချိုအေး၊ခါးသော အစားအသောက်များကိုရှောင်ပါ။လုပ်ငန်းတွေကို စနစ်တကျလုပ်လေပျက်စီးဆုံးရှုံးမှု့များလေ
ဖြစ်နေမယ်။အလုပ်မရှိသူများအလုပ်ရှာလေ မရလေဖြစ်နေမယ်။ကံတရားကို လက်ခံပြီးငြိမ်ငြိမ်လေးနေရင်
ပိုကောင်းမယ်။မြေ၊ကား၊အမွေနဲ့ ပက်သတ်ပြီးအမှု့ဖြစ်တတ်တယ်။အလုပ်ပြောင်းလဲလုပ်ကိုင်ခြင်း မပြုရ။
လုပ်ငန်းတိုးချဲ့ခြင်း မပြုရ။ငွေချေးငှားခြင်းမပြုရ၊မြေမဝယ်ရ။တနင်္လာကြာသပတေးသားသမီးများနဲ့အလုပ်
တွဲလုပ်နေသူများ အထူးသတိထားပါ။ဒီနှစ်ပိုင်းကိုဖြတ်သန်းရောက်ရှိနေတဲ့ တနင်္လာသားသမီးနဲ့ကြာသပတေး
တွေဟာ ကံတအားညံ့နေတတ်ပါတယ်။ယတြာလေးမကြာ မကြာချေဖို့လိုအပ်ပါတယ်။


သောကြာသက်ရောက်
ပညာရေးကံကောင်းနေမယ်။ဆရာသမား၊အကြီးအကဲရဲ့ကူညီမစကိန်းကြုံလိမ့်မယ်။ညီအစ်ကိုမောင်နှစ်မများရဲ့
ကောင်းကျိုးခံစားရမယ်။စက်ပစ္စည်းသစ်တွေဝင်လိမ့်မယ်။မိတ်ဆွေကောင်းပေါများလိမ့်မယ်။ရွှေဝင်ပြီးပြန်ထွက်
လိမ့်မယ်။ကြိုးစားသမျှအောင်မြင်နေမယ်။သူခိုးခိုးခံရတတ်တယ်။အဖိုးတန်စက်ပစ္စည်းနဲ့ဇိမ်ခံပစ္စည်းတွေ ဝင်လာ
တတ်တယ်။ခရီးသွားရင်းဘေးတွေ့တတ်တယ်။သူခိုးခိုးခံရမယ်။အိမ်ပြောင်းရတာ၊အိမ်ပြင်ရတာမျိုးကြုံတတ်
တယ်။အဖိုးတန်လက်ဝတ်ရတနာပစ္စည်းနဲ့အိမ်ထောင်ပရိဘောဂ ပစ္စည်းတွေဝင်တတ်တယ်။လူဝင်၊လူထွက်
ရှိမယ်။ခရီးသွားဖို့ကိစ္စတွေရှိရင် အဆင်ပြေလိမ့်မယ်။အိမ်ထောင်ပျက်မိန်းမကြောင့် စိတ်ညစ်ရမယ်။ငယ်ရွယ်သူ
တွေအိမ်ထောင်ကျလိမ့်မယ်။ပစ္စည်းပျောက်ပြန်တွေ့လိမ့်မယ်။ဒီနှစ်ထဲမှာ လူအများရဲ့ယုံကြည်ကိုးစားမှု့ခံရမယ်။
အကြံအစည်တွေပြည့်စုံအောင်မြင်လိမ့်မယ်။အရောင်းအဝယ်သမားတွေ အကျိုးအမြတ်များများရမယ်။လူနေမှု့
အဆင့်အတန်းမြင့်မားလာလိမ့်မယ်။သတင်းကောင်းကြားရမယ်။ရပ်ဝေးကစာ ရောက်လာမယ်။လုပ်ငန်းတိုးချဲ့
လုပ်ကိုင်ရင် အောင်မြင်မယ်။မိတ်ဆွေဟောင်းတွေနဲ့ပြန်ဆုံရမယ်။ဆုံးရှးုံထားသော ငွေများပြန်ရမယ်။
စပ်တူလုပ်ငန်းလုပ်သူတွေ အကျိုးအမြတ်များများရမယ်။ဖန်သောအစားသောက်၊စပ်သောအစားအသောက်
များကိုရှောင်ပါ။အိမ်ထောင်ပြုမယ်ဆိုရင် ဒီနှစ်ကအကောင်းဆုံးပါဘဲ။လုပ်သမျှအဆင်ပြေနေလို့ ကြိုးစား
လုပ်ကိုင်သင့်တဲ့နှစ်မျိုးပါ။ငယ်ရွယ်သူတွေ ရပ်ဝေးကချစ်သူတွေ့လိမ့်မယ်။လောင်းကစားအလုပ်နဲ့ အကျိုး
မပေးသေးဘူး။နာရေးမပို့ရဘူးနော်။ကိုယ်နေတဲ့နေရာအနီးမှာ နာရေးပေါ်ရင်အိပ်ယာနေရာ ပြောင်းအိပ်ပေးပါ။
ဒီနှစ်ပိုင်းမှာဗုဒ္ဓဟူးနဲ့စနေသားသမီးတွေကို အထူးရှောင်ကြဉ်ပါ။စနေသားသမီးနဲ့ဗုဒ္ဓဟူးများဒီနှစ်ထိခိုက်ဒဏ်ရာ
ရတတ်တယ်။ရေလမ်းခရီးအထူးသတိထားရမယ်။မီးလန့်တဲ့နိမိတ်ပေါ်ရင် မကောင်းဘူး။အိပ်ယာနေရာပြောင်း
အိပ်ပေးပါ။အမှူ့ဖြစ်တဲ့သူကိုအာမခံမလိုက်ရဘူး။ငွေမကူညီရဘူး။ကူညီရင်ကိုယ်ပါအမှု့ဖြစ်တတ်တယ်။တနင်္လာ
သားသမီးတွေအိမ်ထောင်ရေး၊အိမ်တွင်းရေးပြဿနာရှင်းရမယ်။မထင်မှတ်ဘဲ အသက်အန္တရာယ်ထိခိုက်တတ်
တဲ့အတွက်အထူးသတိထားပါ။ဒီနှစ်ပိုင်းမှာလျှပ်စစ်အန္တရာယ်အထူးသတိထားပါ။ဒီနှစ်တစ်နှစ်တာကာလပတ်လုံး
ကံကောင်းနေပါတယ်။


စနေသက်ရောက်
ဒီနှစ်ပိုင်းမှာအိမ်တွင်းရေး၊အိမ်ထောင်ရေးတွေကံကောင်းလာမယ်။ကြီးကဲသူရဲ့အကူအညီကောင်းတွေရမယ်။
ခရီးကောင်းတွေသွားရမယ်။ပညာရေးကြိုးစားသလောက် အောင်မြင်မယ်။စနေနံပစ္စည်းတွေဝင်ပြီးမှပြန်ထွက်
မယ်။ရွှေအတွက်စိတ်သောကဖြစ်ရမယ်။စက်ပစ္စည်းတွေပျက်လို့ စိတ်ညစ်ရမယ်။ငယ်ရွယ်သူကြောင့်စိတ်
သောကဖြစ်ရမယ်။ငွေကြေးအကုန်အကျများနေမယ်။ငွေကြေးနဲ့ပစ္စည်းဥစ္စာတွေ ပျောက်တတ်တယ်။သူခိုးခိုး
ခံရတတ်တယ်။အချုပ်အနှောင်ခံရတတ်တယ်။မီးဘေးအန္တရာယ်ရှိတယ်။မုန်းသူ၊ရန်သူတွေရဲ့ဒုက္ခပေးခြင်းခံရမယ်အမျိုးသမီးအနှောင့်အယှက်ရှိမယ်။အိမ်မွေးတိရစ္ဆာန်ကြောင့်ပြဿနာပေါ်မယ်။ပစ္စည်းပျောက်ရင်ဆုံးရှုံးတတ်
တယ်။ဒီနှစ်ပိုင်းမှာ အကြံအစည်၊စိတ်ကူးတွေ အောင်မြင်နိုင်ဖို့ခက်ခဲမယ်။ခရီးသွားဖို့ကိစ္စတွေ ပျက်သွားမယ်။
အိမ်မှာနာတာရှည် သက်ကြီးရွယ်အိုရှိရင် ရောဂါကြာရှည်စွာကုနေရမယ်။ဝမ်းကိုက်၊ဝမ်းနာ၊ဒူလာ၊လေဖြတ်
စသောရောဂါများကိုသတိထားရမယ်။အဆိပ်ရှိသော သတ္တဝါကိုက်ခဲခံရတတ်တယ်။ရန်ဖြစ်ရတတ်တယ်။
အမှု့အခင်းကြုံတွေ့ရလိမ့်မယ်။ရွှေငွေနဲ့ အခြားသောအဖိုးတန်ပစ္စည်းတွေပျောက်တတ်တယ်။ယာဉ်၊ကား
ကြောင့်စိတ်အနှောင့်အယှက်ဖြစ်စရာကြုံမယ်။အမဲသား၊ဆိတ်သားကိုစနေနဲ့အင်္ဂါနေ့တွေမှာ ရှောင်ထားပါ။
ချဉ်သော၊ဖန်သော အစားအသောက်များကိုရှောင်ပါ။လုပ်ငန်း၊စီးပွားရေးတွေ ရပ်ဆိုင်းသွားမယ်။နေအိမ်မွေး
ထားသောတိရစ္ဆာန်များ ပျောက်ဆုံးတာဒဏ်ရာရတာ၊သေဆုံးတာမျိုး ကြုံရတတ်ပါတယ်။လုပ်ငန်းတိုးချဲ့တာ
မျိုးဆိုရင် ဆုံးရှုံးမှုတွေကြုံရလိမ့်မယ်။ငွေကြေးအကုန်အကျ များနေလိမ့်မယ်။ရပ်ဝေးကဆွေမျိုးသားချင်းတွေ
ကိုယ့်အိမ်မှာ ဆေးလာကုရင် ဆုံးပါးတတ်တယ်။မီးဘေးသင့်တတ်တယ်။အိမ်ထောင်ရေးတွေ အဆင်ပြေနေ
လိမ့်မယ်။လေဖြတ်ခြင်း၊လေဖြန်းခြင်း မျိုးကြုံတတ်တယ်။ဒီနှစ်ကတော့  ကံဆိုးနေတဲ့အတွက်မကြာခဏ
ဆိုသလိုယတြာချေဖို့ လိုအပ်ပါတယ်။


ရာဟုသက်ရောက်
ဒီနှစ်ထဲမှာ ဆွေမျိုးသားချင်းတွေတွေထဲက နာရေးသတင်းကြားရလိမ့်မယ်။ဒီနှစ်ထဲမှာ မကြာခဏ
အနာပေါက်တတ်တယ်။မထင်မှတ်ဘဲ စီးပွားဥစ္စာပျက်စီးတတ်တယ်။ရပ်ဝေးမြေမှာ သွားပြီးအလုပ်လုပ်ကိုင်
ရတတ်တယ်။သူတစ်ပါးကဲ့ရဲ့ခံရတတ်တယ်။ငွေကြေးနဲ့ ပက်သက်ပြီးကံကောင်းနေမယ်။ရွှေဝင်တာမျိုး၊ရွှေ
ကောက်ရတာမျိုး ကြုံတတ်တယ်။စက်ပစ္စည်းတွေ ထွက်တတ်တယ်။ပညာရေးအတွက် ငွေကုန်ကြေးကျ
များနေမယ်။မိတ်ဆွေ၊ဆရာသမားများအတွက် စိတ်သောကရောက်ရတတ်တယ်။ခရီးသွားတဲ့ကိစ္စအဆင်မပြေ
ဖြစ်တတ်တယ်။စကားများပြီး အမှု့အခင်းဖြစ်ရတတ်ပါတယ်။စနေနံပစ္စည်းတွေ ပျက်တတ်တယ်။
လုပ်ငန်းသစ်တွေလုပ်ရမယ်။လူလိမ်ခံရတတ်တယ်။အဆိပ်ရှိတဲ့သတ္တဝါကိုက်ခဲခံရတတ်တယ်။စွန့်စားပြီးလုပ်ရတဲ့
အလုပ်တွေ ဆုံးရှုံးတတ်တယ်။ပစ္စည်းပျောက်ရင်ဆုံးရှုံးတတ်တယ်။ငွေအစုလိုက်၊အပြုံလိုက်ဝင်ကိန်းရှိတယ်။
အချစ်ရေးကိစ္စများအဆင်ပြေကံကောင်းလာမယ်။လုပ်ငန်းတွေ အဆင်ပြေအောင်မြင်လာမယ်။လူချစ်လူခင်
ပေါများလာမယ်။မိတ်ဆွေအပေါင်းအသင်းတွေ လုပ်ငန်းအဆင်ပြေအောင်မြင်နေမယ်။ရန်ဘက်တွေနဲ့အဆင်ပြေ
အောင်မြင်မှု့တွေရလာမယ်။ကိုယ်ရောင်ကိုယ်ဝါတောက်ပလာမယ်။ဘေးကကြည့်နေတဲ့ လူတွေတောင်
အလိုလိုနေရင်းကြည်ညိုလာမယ်။သားသမီး၊လက်အောက်ငယ်သားတွေရဲ့ မင်္ဂလာရှိတဲ့သတင်းကောင်း
ကြားရမယ်။ဗုဒ္ဓဟူးသားသမီး၊တနင်္လာသားသမီးတွေရဲ့အကူအညီကောင်းတွေရတတ်တယ်။စက်ပစ္စည်းကြောင့်
စိတ်အနှောင့်အယှက်ဖြစ်ရမယ်။ခရီးသွားပြီးအလုပ်လုပ်နေသူဆိုရင်တော့ ဆုံးရှုံးမှု့တွေ ကြုံတတ်တယ်။
အင်္ဂါသောကြာသားသမီးတွေကြောင့်စိတ်အနှောင့်အယှက် ဖြစ်ရမယ်။ရန်လိုခံရခြင်း၊အကဲ့ရဲ့ခံရခြင်းကြုံမယ်။
ဒီနှစ်တစ်နှစ်တာလုံးကိုခြုံပြီးပြောရမယ်ဆိုရင် ကံကောင်းရင်တအားကောင်းမယ်။ကံဆိုးရင်လည်းတအားဆိုး
နေလိမ့်မယ်။အပေါင်းအသင်းမိတ်ဆွေသစ်တွေတော့ တိုးနေလိမ့်မယ်။အိမ်ထောင်သည်တွေကတော့
မကြာခဏစကားများနေရမယ်။ပြောဖို့မေ့နေတယ်။ဒီနှစ်က ကိုယ်ကျင့်တရားအထူးအရေးကြီးတယ်။
ကိုယ်ကျင့်တရားပျက်ရင်နှစ်ရှည်ဒုက္ခတွေ့တတ်တယ်။အထူးသတိထားဖို့ လိုပါတယ်ဗျာ။
                                                                                       
                                                                                       စာရေးသူ -  ထူးအောင်လှိုင်

No comments:

Post a Comment